အုတ်တွင်း နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Communitty Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် အုတ်တွင်းမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူမာက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စေ့စပ်ညှိနှိုင်း သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10 မှ ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြသော မမေဝင့်သော်က လူငယ်နှင့် စာရိတ္တ၊ မဆုရတနာက လူငယ်နှင့်မူးယစ်ဆေးဝါး Grade-9 မှ ကျောင်းသား/ ကျောင်းသူများ ဖြစ်ကြသော မပိုးအိရွှေစင်က လူငယ်နှင့်စာဖတ်ခြင်း၊ မောင်နုအေးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများမှ သိရှိလိုသည့်အချက်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းနှင့် လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး၊ အမျိုးသားနေ့အထိမ်းအမှတ်အကြိုအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)