ဟုမ္မလင်း နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှစန်းအေးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှဌေးနွယ်က အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ် တပ်ဖွဲ့စု(၉)မှ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်အောင်က “မူးယစ်အန္တရာယ်တို့ကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဉ္ဌူအေးက “လူငယ်နှင့်စာဖတ်ခြင်းအတတ်ပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးခွန်ဖိုးက မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ် ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးကျော်မြိုင်က ရာသီဥတုပြောင်းလဲမှုကို လျော့ချရန် နည်းလမ်းများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်ဖိုးကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအတွက် စာအုပ်စာစောင်များ လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှစန်းအေးက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းတက်ရောက်သူ (၁၈၀) ဦးအား၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိနှင့်ပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန် လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေး ဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ လက်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
(ဟုမ္မလင်း)ပြန်/ဆက်