ကြံခင်း နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကာင်းများရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက်ပိုင်းက မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျင်းပခဲ့ရာ အမက(သမ္ဘရာအင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ကလေးစာဖတ်ခန်းတွင် ရုံးအကူ ဒေါ်ဆုရည်နန္ဒာက ကျောင်းသား၊ ကျောင်းသူအား ရုပ်ပြပုံပြင်ဖတ်ပြခြင်း၊ ကျောင်းသား၊ ကျောင်းသူမှ မိမိကြိုက် နှစ်သက်သည့် ပုံပြင်စာအုပ်များဖြင့် အလှည့်ကျဖတ်စေခြင်းကို ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲနှင့် မူးယစ်ဆေးဝါးတို့ရှောင်ရှား အသိပညာပေးနံရံကပ်စာများကို အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)