လွိုင်ကော်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား Video Conferencing စနစ်ဖြင့်ကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၂၆


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်  လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ လူစုလူဝေးဖြင့် ကျင်းပခြင်း မပြုဘဲ  Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး ကိုယ်စား ကယားပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က “ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် မြှင့်တင် ဆောင်ရွက်ရန်ရည်ရွယ်ပြီး အမျိုးသမီးကော်မတီများကို ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ထိ ဖွဲ့စည်းထားရှိကြောင်း၊ အမျိုးသမီးကော်မတီဝင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုးသမီးများ အခွင့်အရေး အပြည့်အဝရရှိရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရန်၊ အမျိုးသမီးများ အသိပညာဗဟုသုတများ တိုးပွားရန် အတူတကွပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကယားပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်နှင့် မြို့နယ်အမျိုးသမီး ကော်မတီဝင်များအနေနှင့် မူဝါဒ၊ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိ အမျိုးသမီး များအား  အသိပညာဗဟုသုတတိုးပွားရေး ဟောပြောပွဲများ၊ သင်တန်းများ၊ အသက်မွေး ဝမ်းကျောင်းသင်တန်းများ ၊ အမျိုးသမီးအခွင့်အရေးများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်နိုင်ရန်အတွက် ဆက်သွယ် တိုင်ကြားလာသည့် အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ထောက်ပံ့ပေးခြင်း၊ နားခိုနေရာများစီစဉ်ပေးခြင်း၊ တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ ရရှိစေရန်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း” အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဗွီဒီယိုကို ပြသပေးပြီး ကျား၊မ ရေးရာ၊ GENDER၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် UNCEDAW နှင့် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW သင်တန်းကို လွိုင်ကော် ခရိုင်နှင့် မြို့နယ်များအတွင်းရှိ အမျိုးသမီးကော်မတီဝင်များအား ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က သင်ကြားပို့ချခဲ့သည်။
အဆိုပါအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုများကို (၁၉၉၁)ခုနှစ်မှစ၍ နိုင်ငံတကာ လှုပ်ရှားမှုအဖြစ် စတင်ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံတွင် (၂၀၁၈) ခုနှစ်မှစတင်၍ နိုင်ငံတော်အခမ်းအနားပုံစံဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေ ထားရှိလို့ အချက်အလက်ကောက်ယူစို့” ဆောင်ပုဒ်ဖြစ်ကြောင်းနှင့် ခရိုင်နှင့် မြို့နယ်အသီးသီးရှိ ကော်မတီဝင်များက သက်ဆိုင်ရာ ခရိုင်/မြို့နယ်အလိုက် Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)