ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အားကစားအဖွဲ့အား တွေ့ဆုံအားပေး

ဘားအံ နိုဝင်ဘာ ၂၂

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ အားကစားနည်း (၂၃) နည်း၊ အားကစားသမားပေါင်း (၄၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ အဆိုပါအားကစားသမားများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ဦးစွာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်အားကစားအဖွဲ့မှ အားကစားသမားများသည် သက်ဆိုင်ရာအားကစားနည်းအလိုက် မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ရွှေ၊ ငွေ၊ ကြေးရရှိသည့် အားကစားသမားများကို ချက်ချင်းဆုကြေးငွေများ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြည်နယ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ထိုက်ထိုက်တန်တန် ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်ရာတွင်လည်း အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို မွေးမြူပြီး နောက်ဆုံးအချိန်ထိ မလျှော့သောဇွဲစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သော ပြည်နယ်ဂုဏ်ဆောင် ထူးချွန်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အားကစားအဖွဲ့များထံသို့ အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အားကစားသမားများနှင့် နည်းပြ/ အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုဆပ်ကော်မတီ၏ အောင်နိုင်ရေးသရုပ်ပြပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့ ညဦးပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအနေဖြင့် ပြိုင်ပွဲ (၁၆) တန်းအနက် (၁၃) တန်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အောင်နိုင်ရေးအတွက် ဇွဲလုံ့လတို့ဖြင့် အားစိုက်လေ့ကျင့်နေသည်ကို သိရသည့်အတွက် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဇွဲစိတ်ဓာတ်ကိုအခြေခံ၍ ခွန်အားနှင့်လုံ့လကို အားပြုကာ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ကြစေလိုပြီး မိမိတို့၏ကြိုးစားမှုအလျောက် အမြင့်ဆုံးအောင်မြင်မှုရရှိပြီး ကရင်ပြည်နယ် ဂုဏ်ဆောင်အားကစားသမားများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ အားကစားနည်း (၂၃) နည်း အားကစားသမား (၄၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး Miss International (၂) ဦးက Evening Gown ဖြင့် သရုပ်ပြသရာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက ဂုဏ်ပြုပန်းစည်းများ ပေးအပ်သည်။

ထို့နောက် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမားများက Fitness Physique၊ Men Physique၊ Model Physique၊ ကာယဗလနှင့် (၁၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလပြိုင်ပွဲတွင် (၇၅) Kg တန်း၌ ရွှေတံဆိပ်ဆုရရှိခဲ့သော မောင်ရဲထွန်းနောင်တို့က သရုပ်ပြတင်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆုရှင် မောင်ရဲထွန်းနောင်နှင့် သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ကာယဗလနှင့်ကာယကြံ့ခိုင်မှုမောင်မယ်များအတွက် ငွေကျပ်(၆၈)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)