ထားဝယ် နိုဝင်ဘာ ၂၂
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး အားကစားအဖွဲ့အားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်အခြား နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့်အဆင့်မီအားကစားသမားများနှင့်လူငယ် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အချင်းချင်းဝန်ကြီးဌာနများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာစေရန်ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ဝင်စားလာပြီးအားကစား လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားကစားလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်ပြီးခဲ့သည့် စတုတ္ထအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်း(၂၃)နည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်အနေဖြင့်ရွှေ(၁၀)ခု၊ ငွေ(၁၈)ခု၊ ကြေး(၃၆)ခုရရှိခဲ့ပြီးယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုတံဆိပ်များရရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အားကစားအဖွဲ့များ အောင်မြင်မှုရရှိရေးအတွက် ကျင်းပနေသည့်ပြိုင်ပွဲ ပွဲစဉ်များအတွင်းအုပ်စု အဆင့်/ကွာတားအဆင့်/ဆီမီးဖိုင်နယ်အဆင့်/ဖိုင်နယ်အဆင့်များတွင် တစ်ပွဲချင်းအလိုက် ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အုပ်ချုပ်/နည်းပြ/ ကစားသမားတစ်ဦးစီတိုင်း ကိုလည်း ချီးမြှင့်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် အနိုင်/အရှုံး တစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကိုဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားကောင်းများဖြစ်လာအောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကအားကစားအဖွဲ့သို့ အောင်နိုင်ရေးအလံပေးအပ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် (၁၁၅ သိန်း ၅ သောင်း)ကျပ်အားပေးအပ်သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကအားကစားအဖွဲ့အား ရင်းရင်း နှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)