ကြံခင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကြံခင်း နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း၊ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မြို့မရပ်ကွက်၊ အမက(မြို့မတောင်)ကျောင်းနှင့် သက်ဆိုင်ရာစုရပ်ကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင် ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးဖြင့် လက်ကိုစနစ်တကျ ဆေးစေခြင်း၊ အသက်ငါးနှစ်ပြည့်ပြီး အသက်ခုနစ်နှစ် မကျော်သော ကျောင်းသား ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး(DT)နှင့် အသက်ကိုးနှစ်ပြည့်ပြီး အသက် ၁၀ နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကြံခင်းမြို့၌ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၁၂၃ ကျောင်း၊ (DT) ဆုံဆို့-မေးခိုင်ကာကွယ်ဆေး ၁၂၅၉ ဦးနှင့် (HPV) သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ၅၉၉ ဦးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)