နမ့်စန်(တ) နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မြို့မအထကကျောင်းရှိ Facility Quarantine ဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အသက်(၂၉)နှစ်အရွယ် အမျိုးသား တစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ယမန်နေ့ ညနေ ၄နာရီအချိန်ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူသည် ရန်ကုန်မြို့မှ နမ့်စန်မြို့သို့ ၎င်းအပါ ၈ ဦးအဖွဲ့ ဖြင့် အလုပ်လုပ်ရန်လာရောက်သူဖြစ်ပြီး မြို့မ အ.ထ.က ရှိ Facility Quarantine အဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူများဖြစ်ကာ ၎င်းတို့၏ နှာခေါင်းနှင့်အာခေါင် တို့ဖတ်နမူနာ များကို ပေးပို့စစ်ဆေးခဲ့ရာမှ ၎င်းတစ်ဦးတည်းတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီမှတာဝန်ရှိသူများက အဆိုပါ ပိုးတွေ့ရှိသူကို အချိန်နှင့်တစ်ပြေးညီ မြို့နယ်ပြည်သူ့ဆေးရုံသို့ပြောင်းရွှေ့၍ သီးခြားကုသဆောင် တွင် ထားရှိခဲ့ပြီး ၎င်းနှင့် အတူပါလာသူ ၇ ဦးကို မြို့မ အ.ထ.က ရှိ Facility Quarantine အဆောင်တွင် သီးခြားထားရှိကာ ၎င်းတို့၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ်နမူနာများကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါပိုးတွေ့လူနာမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။
သူရအောင်(ပြန်/ဆက်)