ပခုက္ကူမြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ပခုက္ကူ နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်း၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၁) အခြေခံအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမအသွင်ဆန်း(ပခုက္ကူ)က “အမျိုးသားရေးစိတ်ဓာတ်နှင့် နဂါးနီ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ မြမှူးသခင်က လူငယ်နှင့်မျိုးချစ်စိတ်ဇာတိမာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာအောင်ဝင်း (မျိုးချစ်သူ-ရေစကြိုသား)က “ကျွန်းပညာရေးနှင့် အမျိုးသားအောင်ပွဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောကြသည်။

ထို့နောက် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)