(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပြည်ကြီးမဏ္ဍိုင်  နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၄) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က လူထုအ‌ခြေပြုဗဟိုဌာနတွင်ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အင်္ဂလိပ်အစိုးရ၏ ရန်ကုန်တက္ကသိုလ် အက်ဥပဒေသစ်ကို မကျေနပ်သဖြင့် မြန်မာလူထုတစ်ရပ်လုံးမှ ဆန့်ကျင်ဆန္ဒပြ ပြန်လည်တော်လှန်ကြရာမှအစပြု၍ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားစာပေနှင့် အမျိုးသားရေးစိတ်ဓါတ်ကို အစဉ်ထိန်းသိမ်းစောင့်ရှောက်ရေးစသည့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်း အရာများကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားအောင်ပွဲနေ့အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ  ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)