ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်များအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် စားအုံးဆီ(၅၀) ကျပ်သား ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး()လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း(၉၃၀၀၀)ဦးကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၁၂၀၀၀)ဦးကျော် နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)