မြန်အောင် နိုဝင်ဘာ ၂၂
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် ပျားမွေးမြူရေးအခြေခံသင်တန်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပသည်။
ပျားမွေးမြူရေးအခြေခံသင်တန်းတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဆီထွက်သီးနှံနှင့် အခြားသီးနှံများအထွက်တိုးစေရန် ဝတ်မှုံကူးဝန်ဆောင်မှုတိုးမြှင့်ရန်အတွက် ပျားများကို စနစ်တကျမွေးမြူထုတ်လုပ်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများ စနစ်တကျသင်ကြား၍ ဆီထွက်သီးနှံများတိုးတက်ထုတ်လုပ်ရာတွင် ပါဝင်ဆောင်ရွက်ကြပြီး ပျားမွေးမြူရေးနည်းပညာများအား တောင်သူများကို ပြန်လည်ဖြန့်ဝေပေးရန် အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်(ရုံးချုပ်) ပျားမွေးမြူရေးပညာရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဌေးက သင်တန်းတွင်ပို့ချပေးမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများဖြင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ပျားမွေးမြူရေးအခြေခံသင်တန်းဖွင့်ပွဲသို့ မြန်အောင်ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ သင်တန်းသားသင်တန်းသူ(၂၀)ဦး၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်) ကြံခင်းမြို့နယ်မှ ကျောင်းသား ကျောင်းသူ(၄၂) ဦး၊ စိတ်ပါဝင် စားသူတောင်သူ (၂၅) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(မြန်အောင်)