ပြည် နိုဝင်ဘာ ၂၂
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပရာ ပြည်မြို့ အမှတ်(၅)၊အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၅ ဦးခန့်တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းနှင့် ကိုလိုနီခေတ်ပညာရေးစနစ်ဆိုးအကြောင်းအပါအဝင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်၏ သမိုင်းဆိုင်ရာနေ့ထူးနေ့မြတ်များအကြောင်းကိုသိရှိနိုင်စေရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် စာအုပ်စာပေများ လေ့လာဖတ်ရှုရေးတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက်ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော ၂၀၂၄ ခုနှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံအခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ယင်းအသိပညာပေးလက်ကမ်းစာစောင်နှင့် အခမ်းအနားတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)