ကျွန်းစုမြို့တွင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

ကျွန်းစု နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ သိုလှောင်ဖြန့်ဖြူး အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုးရာဇာဟိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်နှင့် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရာသီဥတုပူပြင်းသည့်ကာလများ၌ စက်သုံးဆီများကို မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ သိုလှောင်ရောင်းချနေမှု ရှိ၊မရှိ၊ မီးသတ်ဆေးဘူးများ တပ်ဆင်အသုံးပြု‌နေမှု ရှိ၊ မရှိ စစ်ဆေးခဲ့သည်။

ထို့နောက် စက်သုံးဆီအရောင်းဆိုင်ရှင်များနှင့် အကူရောင်းချပေးသူများအား အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက မီးသတ်ဆေးဗူးများဖြင့် မီးကိုစနစ်တကျ ငြှိမ်းသတ်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ၊ မရှိစစ်ဆေးဆောင်ရွက်ပေးရေး အတွက် အထူးဂရုပြုကြစေရန်၊ မိမိတို့၏ စက်သုံးဆီ လက်လီ၊ လက်ကားရောင်းချပေးနေမှုအပေါ် မူတည်၍ လုံလောက်ကောင်းမွန်သော မီးသတ်ဆေးဘူးများ ဝယ်ယူထားရှိကြစေရန် သဲကန်၊ ရေကန်များကိုစနစ်တကျထားရှိဆောင်ရွက်ရန် စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

ထက်မြင့်(ကျွန်းစု)