ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လင်းက (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်၊ ဗလငါးတန်နှင့်ပြည့်ဝပြီး မိမိကိုယ်ကို ယုံကြည်မှုရှိသော ကျောင်းသားလူငယ်များရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲတွင် ကျောင်းသား/သူများက “အမျိုးသားနေ့ တို့မမေ့” ကဗျာဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိသော ကျောင်းသား/သူများကို တာဝန်ရှိသူများမှ အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် အမျိုးသားနေ့အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)