ပုသိမ် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို ပုသိမ်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ရောင်းချပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများထုတ်ပေးပြီး အခြေခံစားသောက်ကုန်များကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းကာ တစ်ဦးလျှင် ဆန်တစ်ပြည် ၃၀၀၀ ကျပ်၊ ဆီ၅၀သား ၁ဗူး ၃၈၀၀ ကျပ်၊ ကြက်ဥ ၅လုံး တစ်ထုတ် ၂၃၀၀ ကျပ်နှုန်းတို့ဖြင့် ဆန်(၁၀)အိတ်၊ ဆီ(၁၆၅)ပိဿာနှင့် ကြက် အထုတ်(၁၀၀) ရောင်းချပေးခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှ တိုင်းရင်းဆေး(၃)မျိုးလှူဒါန်းခြင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအနေဖြင့်လည်း စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)