ပိုင်ကျုံ နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ မူ(လွန်)ထန်းတပင်ကျောင်း၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ကျောင်းသား/သူများ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းတွင်နေ့ထူးနေ့မြတ် များစွာရှိသည့်အနက် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့၏အဓိပ္ပာယ်၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားနေ့ကျင်းပုံ၊ အမျိုးသားနေ့ဖြစ်ပေါ်ခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများများနှင့် ကျောင်းသားလူငယ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ရှိစေရေးနှင့် အနာဂတ်တွင် လူတော်လူကောင်းဖြစ်စေရေး အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့်နယ်ချဲ့ဆန့်ကျင်ရေး သူရဲကောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)