ပဲခူး နိုဝင်ဘာ ၂၂
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းအလိုက် တာဝန်ခွဲဝေပေးထားသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အလှည့်ကျသွားရောက် ကြီးကြပ်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အားပေးစကားပြောခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်သလို အားကစားသမားတိုင်း မိမိတို့ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အမြင့်ဆုံးရည်မှန်းချက်၊ ယုံကြည်မှုအပြည့်ဖြင့် ပဲခူးတိုင်းဒေသကြီးအား အကောင်းဆုံးအဆင့်တစ်ခုထိရောက်ရှိအောင် ကြိုးစားယှဉ်ပြိုင်သွားရန်၊ အားကစားသမားတိုင်း ကျန်းမာရေးကို အထူးဂရုပြုနေထိုင်သွားကြရန်နှင့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ အောင်မြင်မှုများရရှိနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အားကစားနည်းအလိုက် ယှဉ်ပြိုင်နိုင်ရေးကော်မတီဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တာဝန်ယူထားသည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များအားလည်းကောင်း၊ စခန်းသွင်းလေ့ကျင့်နေမှုပေါ် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လေ့ကျင့်ရေး စခန်းများအလိုက် အားကစားသမားများ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားနိုင်ရေး လူရွေးပွဲများ ကျင်းပပြီးစီးမှု၊ နည်းပြများနှင့် အကောင်းဆုံးလေ့ကျင့်သင်ကြားနေမှုနှင့် ယှဉ်ပြိုင်ရမည့်ပုံစံနှင့် နည်းစနစ်ပိုင်းဆိုင်ရာများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေသည့် အားကစားနည်းအလိုက် လိုအပ်သည်များအား အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဲခူးတိုင်းဒေသကြီးမှ အားကစားနည်း(၂၄)မျိုးတွင် အားကစားသမား(၅၇၆)ဦးအား နည်းပြအုပ်ချုပ်သူ (၁၂၀)ဦးဖြင့် အကောင်းဆုံးစခန်းသွင်း လေ့ကျင့်သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)