ကသာမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ကသာ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးရဲထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ကသာဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းလွင်က "အနာဂတ်အတွက် တွေးကြည့်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကသာမြို့မစခန်းမှူး ဒုရဲမှူးတင့်နိုင်ထူးက ဥပဒေဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်မူးယစ်တပ်ဖွဲ့စု(၆)မှ မူးယစ်တပ်ဖွဲ့စုမှူး ရဲအုပ်စောကျော်‌ဇောထွန်းက "မူးယစ်အန္တရာယ်တို့ကာကွယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က "ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ" အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက "လူငယ်နှင့်အသိပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

ထို့နောက် ကသာမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေးဟောပြောပွဲများမှ ရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန် လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေးဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လက်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)