ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေး စိစစ်ခြင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး နိုဝင်ဘာ ၂၂

ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေခွဲဝေချထားပေးနိုင်ရေးစိစစ်ခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF)မှ ရန်ပုံငွေများ ခွဲဝေချထားရာတွင် အထိရောက်ဆုံးသုံးစွဲရန်ဖြစ်ကြောင်း၊ ပြည်နယ်အထွေထွေ ပိုလျှံရန်ပုံငွေများ သုံးစွဲနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ တင်ပြရာတွင် ကြီးစဉ်စီခြင်း ၊ တူရာလုပ်ငန်း အလိုက်စုစည်း၍စသည်ဖြင့် လွယ်ကူရှင်းလင်းစွာ နားလည်လွယ်စေသည့်ပုံစံဖြင့် ကိန်းဂဏန်းနှင့် ဇယားများဖြင့် တင်ပြရန်နှင့် ဘဏ္ဍာရေးကျင့်စဉ်ကြီးအတိုင်းဘဏ္ဍာ ရန်ပုံငွေများကို မိမိပိုင်ငွေကြေးကဲ့သို့ ခွဲဝေလျာထားသုံးစွဲသွားရန်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF) စိစစ်ရေးကော်မတီအတွင်းရေးမှူး ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြတ်ကျော်က အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေများ ခွဲဝေချထားရာတွင် ဘဏ္ဍာရေးဆိုင်ရာကျင့်စဉ်များ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွဲဝေလျာထားနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ(GRF) တောင်းခံသည့်ဌာန(၁၆)ခု ဌာနတာဝန်ခံများက မိမိတို့ဌာနအလိုက် တောင်းခံထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 ( ခရိုင်ပြန်/ဆက် )