ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုလော   နိုဝင်ဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းကာ ကမ်းနီးကမ်းဝေးရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ ဟောပြောရာတွင် ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး သူနာပြုဆရာမ ဒေါ်ဆုရည်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည်  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်သောမစင်တွင် ပါဝင်ကြောင်း၊ ဝမ်းလျှောရောဂါပြင်းထန်းသောအခါ ခန္ဓာကိုယ်အတွင်းမှရေနှင့် ဓာတ်ဆားများ လျှင်မြန်စွာကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကိုဖြစ်စေကြောင်း၊ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသခံယူခြင်းမရှိပါက အသက်ဆုံးရှုံးနိုင်ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)