ဖောင်းပြင်မြို့၌ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး / မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဖောင်းပြင် နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်ပြီး ပြည်သူလူထုသို့ ထိခိုက်နစ်နာမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကာ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ နိုဝင်ဘာ(၂၀)ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်သန်းကိုက ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေရေးနှင့် သစ်တောများ၏ အခန်းကဏ္ဍအကြောင်းကိုလည်းကောင်း၊ တောအုပ်ကြီး ဦးသန်းဇော်ဝင်းက သဘာဝဘေးအန္တရာယ် လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်း အစီအစဉ်ကိုလည်းကောင်း၊ တောအုပ် ဦးရဲသီဟအောင်က မီးခိုး/ မြူငွေ့ညစ်ညမ်းမှုနှင့် လေထု ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည့် အစီအစဉ်အားလည်းကောင်း Power Point ဖြင့် ရှင်းလင်းဆွေးနွေးကြကာ တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက် များအပေါ် မြို့နယ်သစ်တောဦးစီးအရာရှိနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးကြသည်။

ထို့နောက် သစ်တောဦးစီးဌာန၊ ရုံးချုပ်မှ လစဉ်ထုတ်ဝေသော သစ်တောကြေးမုံ(၁၅) အုပ်အား ကျောင်းစာကြည့်တိုက်သို့လှူဒါန်းရာ ကျောင်အုပ်ဆရာကြီး ဦးမြင့်မောင်က လက်ခံရယူသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုး/ မြူငွေ့ လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ရဲမှူးကျော်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)