ချောင်းသာ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အ.လက(ကံကြီး)တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)ဦးထွန်းအောင်ကိုက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြစ်သည့် အရည်ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းရှိရေနှင့် ဓာတ်ဆားများလျင်မြန်စွာဆုံးရှုံး၍ အားအင်ကုန်ခမ်းခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းစသည်တို့ကိုလည်းကောင်း၊ ကူးစက်နိုင်သည့်နည်းလမ်းများတွင် မသန့်ရှင်းသောရေကိုသောက်သုံးမိခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှုအားနည်းခြင်း၊ ယင်နားစာများနှင့်မသန့်ရှင်းသော အစားအစာများ စားသုံးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှု အားနည်းခြင်း/ မရှိခြင်း၊ အစားမစားမှီနှင့်အိမ်သာမှဆင်းလျှင် လက်ကိုဆပ်ပြာနှင့်စင်ကြယ်စွာ မဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း/ မရှိခြင်းတို့ကိုလည်းကောင်း၊ (၂)ရက်ကျော်သည်အထိ မသက်သာပဲဝမ်းဆက်တိုက်သွားနေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ နှုတ်ခမ်းနှင့်အရေပြားများ ခြောက်ခြင်း၊ ဆီးအလွန်နည်းခြင်း/ မသွားခြင်း/ ဆီးအရောင်ညိုခြင်း၊ အလွန်ခေါင်းမူးခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း စသည့်ပြင်းထန်လက္ခဏာများတွေ့ရှိပါက ချက်ချင်းနီးစပ်ရာကျန်းမာရေး ဌာနသို့သွားရောက်၍ ကုသမှုခံယူရန်တို့ကိုလည်းကောင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအား အိမ်တွင်းကုသနည်းများနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် လိုက်နာရှောင်ကြဥ်ရမည့်အချက်များကို အကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို Worldview International Foundation အဖွဲ့၏ စီစဉ်မှုဖြင့် အ.လ.က(ကံကြီး)နှင့် တိုက်နယ်ကျန်းမာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး သိရှိလိုသည့်ဆွေးနွေးမေးမြန်းမှုများကို ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး Worldview International Foundation အဖွဲ့က ဓာတ်ဆားထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)