ဘိုကလေး နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်(၈)နာရီ အချိန်မှစတင်ကာ ဘိုကလေးမြို့နယ်၏ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အခြေခံစားသောက်ကုန်များကိုလည်း ဈေးနှုန်းချိူသာစွာဖြင့် ရောင်းချပေးခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အထွေထွေရောဂါများအား စမ်းသပ်စစ်ဆေးကာလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ လမ်းညွှန်မှုများ ဆောင်ရွက်ပေးခဲ့ပြီး အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ (၅၅)ကျပ်သားပါရှိသည့် ဆီ(၁)ဗူးလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် ဆီဗူးရေ(၁၀၀)၊ ကြက်ဥ တစ်လုံးလျှင်(၄၀၀)ကျပ်နှုန်းဖြင့် အလုံးရေ (၃၀၀)၊ ဘဲဥ တစ်လုံးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် အလုံးရေ(၃၀၀)တို့အား ရောင်းချပေးခြင်းဖြစ်ပြီး အဆိုပါဆောင်ရွက်မှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)