ရှမ်းရွာသစ် နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကျောင်းသား/သူများ မြန်မာနိုင်ငံ၏သမိုင်းကြောင်းများကို သိရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းတွင် နေ့ထူးနေ့မြတ်များစွာရှိသည့်အနက် အမျိုးသားအောင်ပွဲနေ့သည် အမျိုးသားရေးစိတ်ဓာတ်ကိုမြှင့်တင်ပေးသည့် နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးလက်အောက်ကျရောက်စဉ် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများစွာအနက်မှ နယ်ချဲ့အစိုးရ၏ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ရာမှ အမျိုးသားနိုးကြားတက်ကြွမှု ဖြစ်လာစေသည့် နေ့ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်နယ်ချဲ့ဆန့်ကျင်ရေး သူရဲ ကောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးခြင်းနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားများ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)