သရက်ချောင်းမြို့နယ် (Community Centre) ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် သုတ၊ ရသ စာအုပ်/စာစောင်များ ခင်းကျင်းပြသ

သရက်ချောင်း  နိုဝင်ဘာ ၂၂

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲ‌နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသစာအုပ်/စာစောင်များ ခင်းကျင်း ပြသခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟော ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ၊ ရသ စာအုပ်/ စာစောင်များခင်းကျင်းပြသရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် အသိပညာပေးဟောပြောရာ အမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှစတင်ပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေး စိတ်ဓာတ်၏အရေးပါမှု စသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာ ပေးဟောပြောခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိနှင့် သမိုင်းမှတ်တမ်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ပြီးနောက် သုတ/ရသ စာအုပ်စာပေများ ခင်းကျင်း ပြသထားရာ ကျောင်းသား/သူများက ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)