လိပ်သို နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရနေစေရန်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးသားပညာရေး၊ တက္ကသိုလ်ပညာရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ယှဉ်တွဲပေါ်ပေါက်လာသော အမျိုးသားအောင်ပွဲနေ့အကြောင်း လေ့လာမှတ်သားနိုင်ရန်အတွက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားညီညွှတ်ရေး၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းအကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး ရှေးရှုပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ရေးသည် နိုင်ငံသားအားလုံး၏ မွေးရာပါ အမျိုးသားရေးတာဝန်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်သည့် ဘက်စုံပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း စသည့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာ သိမှတ်ဖွယ်ရာများပါရှိသည့် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်