ဖျာပုံနိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ ပဉ္စမာရဇိံ ဆုတောင်ပြည့်ရွှေသာလျောင်းဘုရားကြီးတန်ဆောင်တွင် ရောင်းချပေးကြသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာတွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် ဝန်ထမ်းများ၊ ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့် ဆရာ/ဆရာမများ၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များဖြစ်သော စားသုံးဆီ၊ ဆန်၊ ကြက်ဥများ ကို သက်သာသောစျေးနှုန်းဖြင့် စားသုံးဆီ(၅၀)ကျပ်သား (၁)ဗူးလျှင်(၃၈၀၀) ကျပ်နှုန်း၊ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်း၊ ကြက်ဥ(၅)လုံးလျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် နိုဝင်ဘာလ (၂၁)ရက်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား နေ့ရက်အလိုက် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)