ကရသူရိ နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ကျရောက်မည့် (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ကျောင်းသား/သူများအား အသိပညာပေးစာအုပ်/ စာစောင်များနှင့် နံရံကပ်ဘုတ်များ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားအောင်ပွဲ နေ့ထူးနေ့မြတ်ကြီးကို ကျောင်းသား/ သူများ သိရှိစေရေး၊ အနာဂတ်မျိုးဆက်သစ်ကလေးများပေါ်ထွန်းစေရေး၊ စည်းလုံးညီညွတ်စေရေးနှင့် အချင်းချင်းရိုင်းပင်းကူညီတတ်စေရန် ပညာပေးပြသဆောင်ရွက်ခြင်းဖြစ်ရာ အဆိုပါ ပြသရာ၌ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိများ၊ အမျိုးသားနေ့ဆိုင်ရာ နံရံကပ် စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများနှင့် စာအုပ်/ စာစောင်တို့ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများ လေ့လာကြည့်ရှုကြပြီး စာအုပ်/ စာစောင်များ ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)