မကွေး နိုဝင်ဘာ ၂၂
၂ဝ၂၄ ခုနှစ်၊ (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်အရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ရွှေမြန်မာတေးသီချင်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ပထမဦးစွာ(ကမ္ဘာ့ကလေးများနေ့) ဖြစ်ပေါ်လာပုံကတော့ (၄၄)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ်(UNCRC) (United Nations Convention on the Rights of the Child)ကို အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်အဖြစ် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ အတည်ပြုခဲ့ကြောင်း၊ အဆိုပါကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ယခုနှစ်(၃၅)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ် ကတော့ “အနာဂတ်သာယာကောင်းမွန်ရေး ကလေးများအသံ နားထောင်ပေး” “ Listen to the Future” ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဟာ အနာဂတ်ပန်းကလေးများဖြစ်တဲ့ ကလေးသူငယ်များအတွက် ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်တွင်းဥပဒေအဖြစ် ကလေးသူငယ်ဥပဒေ(၁၉၉၃)နဲ့ နည်းဥပဒေ(၂၀၀၁)ကို ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ နိုင်ငံတော်ဟာ ကလေးသူငယ်များအကျိုးကို ဖော်ဆောင်ရန်အတွက် အမျိုးသားအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများကိုလည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးမှာလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ တိုင်းဒေသကြီးကော်မတီနဲ့ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများကိုလည်း ဆက်လက်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒါ့ကြောင့် ကလေးသူငယ်တိုင်း အခွင့်အရေးများအားလုံး တန်းတူရရှိစေရေး၊ ခွဲခြားဆက်ဆံမှုမရှိစေရေး၊ လိမ္မာယဉ်ကျေးတဲ့ လူချွန်လူကောင်းများ ဖြစ်လာစေရေးနဲ့ လမ်းမှားသို့ မရောက်ရှိစေရေးတို့အတွက် မိဘ/အုပ်ထိန်းသူ ဆရာ/ ဆရာမများ၊ ပြည်သူလူထု၊ နိုင်ငံတော်အစိုးရတို့မှ အဆင့်ဆင့်ထိန်းကျောင်းပေးရန် အထူးလိုအပ်လှပါကြောင်း၊ ဆက်လက်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များလည်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို မိဘအုပ်ထိန်းသူများအပါအဝင် ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကလေးသူငယ်ကိစ္စရပ်များ ဖြစ်ပွားလာပါကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ပန်းကလေးများဖြစ်ကြတဲ့ ကလေးသူငယ်များဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများအားလုံးတန်းတူရရှိစေရေး၊ ခွဲခြားဆက်ဆံမှုမရှိစေရေးတို့အတွက် ဖော်ဆောင်ကြရာမှာ အစိုးရတစ်ခုတည်းသာမက လူမှုရေးအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မိဘပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် အခမ်းအနားမှာ ဆန္ဒပြုတိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် မှတ်တမ်းတင်ဗီဒီယိုပြသခဲ့ပြီး၊ မကွေးကလေးပြုစုရေးဌာန၊ မကွေးမူလတန်းကြိုကျောင်းနှင့် ကိုယ်ပိုင်မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်လေးများမှ သွေးချင်းတို့ရဲ့မြေ၊ ဖားလောင်းကလေးများစသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ၊ ဖျော်ဖြေရေးအဖွဲ့ ကရင်သွေးငယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ