ရိခေါ်ဒါရ် နိုဝင်ဘာ ၂၆
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့စည်ပင်သာယာ ရေးကော်မတီ၏ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့အတွင်း စျေးဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက် ခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့က လှည့်လည်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ စျေးဆိုင်အား စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ဈေးရောင်းသူနှင့် ဈေးဝယ်သူများ သတ်မှတ်ထားသည့် နေရာများ၌ ဈေးရောင်း ဈေးဝယ်ဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင် ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ လူတစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသည့်နေရာများအတိုင်း ဈေးရောင်းဈေးဝယ် ဆောင်ရွက် ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ စားသောက်ဆိုင်များစစ်ဆေးရာတွင် ဆိုင်အဝင်ပေါက်များ၌ လက်ဆေးခုံနှင့် လက်ဆေးသည့် အသုံးအဆောင်ပစ္စည်းများ စနစ်တကျထားရှိခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ အစားအသောက်များအား ပါဆယ်စနစ်ဖြင့် ရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ အသိပေးထုတ်ပြန် ချက်များနှင့်အညီ ဆောင်ရွက် ထားခြင်း ရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့အတွင်း ဈေးဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေးအတွက် ကွင်းဆင်းလှည့်လည်စစ်ဆေးခြင်းကို သက်ဆိုင်ရာဌာနများမှ နေ့စဉ်ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)