ဘားအံ နိုဝင်ဘာ ၂၁
ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်အတွင်း ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုများပြားသည့်အတွက် ခရီးစဉ်ဒေသများနှင့်တည်းခိုနေထိုင်ရန်နေရာများ အစဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စီစဉ်ဖန်တီးပေးကြရန် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင်ကျင်းပသည့် (၉/၂၀၂၄)ကြိမ်မြောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရိုးရာအစားအစာနှင့် ဒေသထွက်ထူးခြားဆန်းသစ်သောအစားအစာများကို ရောင်းချပေးနိုင်ရေးနှင့် မိမိဒေသသို့ လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့မှုရှိစေရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး တက်ရောက်လာသူများမှ လိုအပ်သည့်အကြံဉာဏ်များကို ဝိုင်းဝန်းဆွေးနွေးတင်ပြပေးကြရန်ပြောကြားပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ ကော်မတီမှလုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ဆုံးဖြတ်အတည်ပြု ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များ၊ ကော်မတီဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးတင်ပြကြပြီး ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ဒေသတွင်းခရီးစဉ် ဒေသများသန့်ရှင်းသပ်ရပ်မှုရှိစေရေး လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြကာ ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်ဂူ၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ဇွဲကပင်တောင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များမှ သက်ဆိုင်ရာ ဒေသများအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့်လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြ သည်။
ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)