လေးမျက်နှာမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

လေးမျက်နှာ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အောင်မင်္ဂလာစျေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူး‌ပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးရဲထွန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များက အောင်မင်္ဂလာဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ယာဥ်များဖြင့် နေရာယူပြီးသရုပ်ပြခြင်း ရေစိုအဝတ်ဖြင့်မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ်မီးသတ်ဦးစီးဌာနက ဈေးကော်မတီဝင်များနှင့် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်သို့ မီးမကူးစက်နိုင်ရန်အတွက် ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသက်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိစျေးများ၊ ရုံးများ၊ ကျောင်းများ၊ စက်သုံးဆီအ‌ရောင်းဆိုင်များ၊ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအကြံပြု၊ အသိပညာပေး၊ သတိပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးသက်ကို(ပြန်/ဆက်)