ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ အဖိုးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဟင်္သာတ နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခမဲ့ကျန်းမာရေးဆောင်ရွက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီကစတင်၍ အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဥက္ကဋ္ဌဦးညွှန့်ဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံကြည့်ရှုအားပေးခဲ့ကာ လိုအပ်သော ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ ခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ လူမှုရေးအသင်းအဖွဲ့များက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား မှတ်တမ်းစာရင်းရေးသွင်း၍ သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါလူနာများအား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ခရိုင်နှင့်မြို့နယ်စားသုံးသူရေးရာ၊ မြို့နယ်မွေးမြူရေးလုပ်ငန်းရှင်များအသင်းနှင့် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပင်စင်စားများအား ဆီတစ်ပိဿာလျှင် (၇၇၀၀)ကျပ်နှုန်းဖြင့် ဆီ(၂၂၀) ပိဿာအားလည်းကောင်း၊ ကြက်ဥ(၁)လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် အလုံးရေ(၁၅၀၀) တို့အားလည်းကောင်း၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ နှုန်းဖြင့် ဆန် ၂၄၀ ပြည် တို့အား အသီးသီးရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)