ကန့်ဘလူ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)ညောင်အိုင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးလွင်က မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ် ဦးအောင်ကိုမင်းက သစ်တောသစ်ပင်ပြုစုထိန်းသိမ်းခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဇင်နွယ်ဦးက မီးခိုးမြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေစွာနေထိုင်ခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း Power Point ဖြင့် အသိပညာပေးဆွေးနွေးဟောပြောကြသည်။
ထို့နောက် တက်ရောက်လာသူ ကျောင်းသားကျောင်းသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။ ယင်းနောက် သစ်တောဦးစီးဌာန ဦးစီးရုံးချုပ်မှလစဥ် ထုတ်ဝေသော သစ်တောကြေးမုံ(၁၀)အုပ်အား ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမ များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူ ၁၅၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)