ထားဝယ် နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနနှင့် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးရဲဝင်းအောင်က မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်သည့်နည်းလမ်းများ၊ fire hotspot များ၏ အကြောင်းအရင်းများ၊ fire hotspot များ တွေ့ရှိရသည့်ဒေသများနှင့် ကမ္ဘာ့ဒီရေတောများ ပေါက်ရောက်ရာဒေသများ၊ မြန်မာနိုင်ငံရှိ ဒီရေတော ပေါက်ရောက်ရာဒေသများ၊ ဒီရေတောများ၏ အသုံးဝင်ပုံနှင့် အကျိုးကျေးဇူးများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတွင်သစ်တောသစ်ပင်များသည်အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်မှုအခြေအနေများအား အသိပညာပေးဟောပြောသည်။
ထို့နောက်တောအုပ်ကြီးဦးခင်မောင်ဆန်းက ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း ကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာမှု၊ သဘာဝဘေးအန္တရာယ်များအား လျှော့ချရမည့်နည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးခြင်းအကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောသည်။
ဆက်လက်၍ကျောင်းသား/သူများ၏သိရှိလိုသည် မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသူများအား သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များ၊ ကျောင်းသုံး ဘောပင်များဖြန့်ဝေကာ ကျောင်းစာကြည့်တိုက်အတွက်သစ်တောကြေးမုံစာအုပ် ၁၀ အုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)