မြိတ် နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်)၌ ပညာရေးကိုအခြေခံပြီး ကာယ၊ ဉာဏ၊ ဘောဂ၊ စာရိတ္တနှင့် မိတ္တဟူသည့် ဗလငါးတန်ကိုပြည့်စုံအောင်သင်ယူဖြည့်ဆည်းကြရမည့်အပြင် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသကိုအကျိုးပြုမည့် လက်တွေ့ကျသောလေ့ကျင့်သင်ကြားမှုများဖြင့် လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြား ပေးမည့် ပိုလီတက္ကနစ်တက္ကသိုလ်(မြိတ်)ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
ပိုလီတက္ကနစ်တက္ကသိုလ်(မြိတ်)ကို ပင်မသုံးထပ်ဆောင်အရှေ့၌ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန တိုင်းမှူးဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တက္ကသိုလ်ဆိုင်းဘုတ်ကို တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား တိုင်းမှူးနှင့်တိုင်းဒေသကြီးဝန်ကြီးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ပိုလီတက္ကနစ်တက္ကသိုလ်သည် လုပ်ငန်းခွင်အဆင်သင့် လက်တွေ့အသုံးချနည်းပညာနှင့် ကျွမ်းကျင်မှုများကို နက်နဲစွာ လက်ဆင့်ကမ်းသင်ကြားမှုကို အဓိကထား၍ လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင်ပေးခြင်း၊ STEM သင်တန်းများ (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) နည်းပညာလက်တွေ့အသုံးချနိုင်မှုကို အဓိကထား၍ လေ့လာသင်ကြားခြင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဘာသာရပ်နယ်ပယ်အားလုံးကို လူမှုဘဝနယ်ပယ်တွင် အသုံးချနိုင်ရေး ဆန်းသစ်တီထွင်မှုဖြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများက ပိုလီတက္ကနစ်တက္ကသိုလ်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အနုပညာ အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ တက္ကသိုလ်ဖွင့်ပွဲအပြီးတွင် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက နည်းပညာတက္ကသိုလ်(မြိတ်) ၏ Civil, EC, EP, Mech နှင့် ကွန်ပျူတာ တက္ကသိုလ်(မြိတ်)၏ Software and Hardware ဘာသာရပ်ဆိုင်ရာ Project များ ခင်းကျင်း ပြသထားရှိမှုအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။
ပိုလီတက္ကနစ်တက္ကသိုလ်ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်များ (STEM)နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ပညာရပ်များအား ဘွဲ့ကြိုသင်တန်းများ သာမကဘွဲ့လွန်သင်တန်းများအထိ လက်တွေ့ကျသော လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသော တက္ကသိုလ်တစ်ခုဖြစ်ပြီး နည်းပညာတက္ကသိုလ်(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)တို့ ပူးပေါင်း၍ ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ယနေ့တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ မြိတ်မြို့မှာကဲ့သို့ ဗန်းမော်၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ၊ ထားဝယ်နှင့် မအူပင် မြို့များတွင်လည်း ပိုလီ တက္ကနစ်တက္ကသိုလ်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တပြိုင်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ခိုင်ထူး ( ပြန်/ဆက် )