ရေကြည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ရေကြည် နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးလင်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နှလုံး၊ သွေးတိုး၊ ဆီးချို၊‌ သွေးချို၊ ပန်းနာရင်ကြပ် စသည့်အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို စစ်ဆေးပေးပြီး၊ ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို စစ်‌ဆေး၍ ကျန်းမာရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်းကို လစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်ထုတ်ယူသူ (၂၇၈၃) ဦးကိုလည်း ပင်စင်လစာငွေများကို ဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)