ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပညာပေး ဆောင်ရွက်

ကျွန်းစု နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်စိုးမောင်က မြို့မဈေးအတွင်းနှင့် ပြင်ပရှိ ဈေးအရောင်းဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက ရေစိုအဝတ်ဖြင့် ဖုံးအုပ်၍ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်း၊ ဂက်စ်အိုး စနစ်တကျ အသုံးပြုနည်းတို့ကို ပညာပေးသရုပ်ပြခဲ့ကြပြီး တက်ရောက်လာသူများအား လက်တွေ့စမ်းသပ်ငြှိမ်းသတ်ခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့် တာဝန်ရှိသူများ၊ ‌ဈေးသူ ဈေးသားများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၂ စီးဖြင့် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ပြီး ဈေးအတွင်း ရေပေးဝေမှုနှင့် မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)