သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာ​ပေးဆွေးနွေးပွဲကျင်းပ

သရက်ချောင်း   နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား/သူများအား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ကျောင်းသား/သူများအား အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီးနောက် အသိပညာပေးဟောပြောရာ မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များအကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာဥပဒေနှင့် နည်းဥပဒေများအကြောင်း၊ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ CRCနှင့် မြန်မာနိုင်ငံကလေးသူငယ်ဥပဒေသမိုင်းအကြောင်း၊ CRC အခြေခံမူ(၄)ရပ်အကြောင်း၊ CRC အခွင့်အရေး(၄)မျိုး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများအကြောင်းကို ကျောင်းသား/သူများ သိရှိနားလာစေရန် အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုပ်သိမ်းလိုက်‌သည်။

ထို့နောက် သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာနံရံကပ် စာစောင်များခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)