ဟားခါး နိုဝင်ဘာ ၂၁
(၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ( ကမ္ဘာ့ကလေးများနေ့ )ကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄ ခုနှစ် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှစ်ပတ်လည်နေ့ တစ်နည်းအားဖြင့် ကမ္ဘာ့ကလေးများနေ့ဆောင်ပုဒ်မှာ “Listen to the Future ” အနာဂတ်သာယာကောင်းမွန်ရေး၊ ကလေးများအသံနားထောင်ပေးဖြစ်ကြောင်း၊ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင်ပြဌာန်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ပါဝင်လက်မှတ်ရေးထိုးသည့် နိုင်ငံ(၂၀)ပြည့်ခဲ့သည့်အတွက် စာချုပ်ဟာ အသက်ဝင်လာခဲ့ကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ပါဝင်အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဤစာချုပ်တွင် ကလေးသူငယ်များ အသက်ရှင်ရပ်တည်မှုဆိုင်ရာအခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေး၊ ကာကွယ်မှုဆိုင်ရာအခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာအခွင့်အရေးစသည့် အခြေခံအခွင့်အရေး(၄)ရပ်နှင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လူတိုင်းတွင် တာဝန်ရှိပါကြောင်း၊ လူတိုင်းက ကလေးသူငယ်များ၏ အခွင့်အရေးများကို လေးစားလိုက်နာကြရန်၊ ကလေးသူငယ်များအပေါ် အမြတ်ထုတ်အလွဲသုံးစားမှုများ ရှောင်ကြဉ်ကြရန်နှင့် ထိုကဲ့သို့သော လုပ်ရပ်များကို တွေ့မြင်ကြားသိပါကတားဆီးကြရန်နှင့် သက်ဆိုင်ရာသို့ အသိပေးတိုင်ကြားရန်တာဝန်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ပြသပြီး ဟားခါးမြို့ ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကပြဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
( ခရိုင်ပြန်/ဆက် )