မုံရွာ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးတို့လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် နာဂဒေသရှိ တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တောင်တန်းဒေသဖြစ်၍ သွားလာမှုခက်ခဲသော်လည်း မိမိတို့၏လုပ်ဆောင်ရမည့် တာဝန်များအပေါ် တာဝန်ကျေပွန်စွာဖြင့် စေတနာထားကာ ကြိုးပမ်းလုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများနှင့် ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် နောင်ယန်းအင်းအား ရေရှည်တည်တံ့အောင် ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်အနီးနေထိုင်ကြသည့် မြို့ရွာများဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးကို အလေးနက်ထားကာ တရားဉပဒေနှင့်အညီ နေထိုင်သွားလာလုပ်ကိုင် ဆက်ဆံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အုပ်ချုပ်ရေးမှူးက မြို့၏ဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နန်းယွန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြသည်။
ထို့နောက် ပန်ဆောင်မြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နှစ်နိုင်ငံနယ်စပ်အနီး ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းများ ဆောင်ရွက်လိုမှုနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်ဆောင်မြို့၌ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပန်ဆောင်မြို့ရှိ ဌာနဆိုင်ရာများ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် - ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ပန်ဆောင်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိရာ ဆရာတော်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ လှူဖွယ်ဝတ္တုပစ္စည်များမှ အလျား - ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် - ၂၄ ပေရှိ RC ၂ ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအတွက် ငွေကျပ်သိန်း -၅၀ အား ပေးအပ်လှူဒါန်းပြီး ဘုန်းတော်ကြီးကျောင်းဆောင် အဆောက်အဦသစ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ပြန်လည်ပြုပြင်တည်ဆောက်ရန် လိုအပ်သည့် ၂ ထပ်ကျောင်းဆောင် အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ကြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးတွင်းကာလတွင် ပန်ဆောင်မြို့၊ နောင်ရမ်းအင်း ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် လယ်ဧက ၅၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် အလျား - ၂၀၀၀ ပေ၊ အနက် - ၅ ပေ နှန်းမြေဆည်တင်သွားမည့် တကင်းချောင်းသို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာမှ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လိုက်လံရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်ရွက်သွားမည့်လုပ်ငန်းများ သတ်မှတ်ကာလတွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး (ပြန်/ဆက်)