ငဖဲ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ (၁) နာရီက ဆုံကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဆုံကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-8 မှ မသက်လျာစံက လူငယ်နှင့်ပညာရေး၊ Grade-7 မှ မောင်ထိန်လင်းသူက လူငယ်နှင့်စာပေ၊ Grade-6 မှ မောင်ထက်မင်းလွင်က လူငယ်နှင့်အောင်မြင်မှု၊ Grade-6 မှ မဟန်နီဇော်က လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများဖြင့် အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)