ကျိုက်လတ် နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်လတ်မြို့နယ်ကုသရေးဦးစီးဌာန၊ ရုံးဒေါင့်တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာသက်ဦးဟန်က ဆီးချိုသွေးချိုရောဂါသည် အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှု အားနည်းသူများ၊ အစားအသောက်မဆင်ခြင်သူများ၊ အချိုအစားများသူများတို့တွင်ဖြစ်တတ်ကြောင်း၊ မကူးစက်နိုင်သောရောဂါဖြစ်ကြောင်း၊ ဆီးချိုသွေးချိုတက်လွန်းကျလွန်းလျှင် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း၊ ရောဂါရှိနေသူသည် အစားအသောက်၊ အနေအထိုင် သတိမထားပါက ဒုက္ခိတဘဝဖြစ်နိုင်သဖြင့် ဆေးဝါးကုသမှုခံယူ၍ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ပုံမှန်လမ်းလျှောက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးသင့်ကြောင်းတို့ကို ထည့်သွင်းပြောကြားပြီး ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့နှင့်ပတ်သက်၍ "အားလုံးသက်ရှည်ကျန်းမာဖို့ ဆီးချိုရောဂါကာကွယ်ထိန်းသိမ်းလို့ ပူးပေါင်းလက်တွဲဆောင်ရွက်စို့" "Empowering Global Health "ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များတက်ရောက်ပြီး ဆရာဝန်၊ ဆရာမများက ဝေဒနာရှင်(၉၄)ဦးအား ဆေးဝါးကုသမှုများပြုလုပ်၍ လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရီရီမြင့်