မြဝတီ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြဝတီခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ယနေ့ကမ္ဘာ့နိုင်ငံများ၌ သဘာဝသယံဇာတများ ယိုယွင်းပျက်စီးခြင်း၊ သစ်တော/သစ်ပင်များပြုန်းတီးခြင်း၊ ဂေစနစ်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ဇီဝမျိုးစုံ မျိုးကွဲများပျက်စီးခြင်း၊ ရေအရင်းမြစ်များ ရှားပါးလာခြင်း၊ ရေထု/လေထုညစ်ညမ်းမှုပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် ယင်းနှင့်ဆက်စပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှု ဆပ်ကော်မတီအတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးရန်နိုင်ထွန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ ဖတ်ကြားပေးပြီး မီးခို/မြူငွေ့ဆိုးကျိုးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် အမှိုက်များမီးရှို့ခြင်း မပြုလုပ်ကြရန်နှင့် အမှိုက်များစွန့်ပစ်ကြရာတွင် အမှိုက်စို/အမှိုက်ခြောက်ခွဲခြား၍ စနစ်တကျ စွန့်ပစ်ကြရေး ရှင်းလင်းတင်ပြပေးသည်။
ထို့နောက်တက်ရောက်ကြသည့် ဆပ်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက သိရှိလိုသည့်အချက်များ ဆွေးနွေးခဲ့ကြရာ စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူက ဖြည့်စွက်ရှင်းလင်းပေးပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)