ကြံခင်း နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၅၃ ဦး တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများအတွက် ကျင်းပပေးသော စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်တာကြောင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆပ်ကော်မတီများမှ ပူးပေါင်းကာ ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စီမံချက်ဆောင်ရွက်ထားမှုအခြေအနေအား တင်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများက အသီးသီးတင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးကာ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပမည့် ကလို့ကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ပြီး ပြပွဲ၊ ပြိုင်ပွဲများကျင်းပမည့် နေရာများနှင့် ပြခန်းများဆောင်ရွက်သွားမည့် နေရာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါပွဲတော်အား နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်ဆက်)