မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စပါးစိုက်တောင်သူများအတွက် လက်ဆွဲ​မျိုးစေ့ချကိရိယာ Drum Seeder အလက် (၅၀၀) ကို ဖြန့်ဖြူးပေးသွားမည်

မင်းဘူး နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီးအတွင်း၌ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ စပါးသီးနှံ စိုက်ပျိုးရာတွင် ပက်ကြဲစနစ် ပပျောက်ပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေးနှင့် စပါးတစ်ဧက အထွက်နှုန်း တိုးတက်ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုဘဏ္ဍာနှစ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type II အမျိုးအစား အလက် (၅၀၀) ကို နွေစပါး စိုက်ပျိုးချိန်ရာသီအမှီ ဒေသအတွင်းရှိ စပါးစိုက်တောင်သူများ အသုံးပြုနိုင်ရန် ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအလိုက် လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type II အမျိုးအစားများကို ဖြန့်ဖြူးပေးရာတွင် မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ (၂၅) လက်၊ မြို့သစ်မြို့နယ်၌ (၇၆) လက်၊ တောင်တွင်းကြီးမြို့နယ်၌ (၈၆)လက်၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ (၄၁) လက်၊ ပွင့်ဖြူမြို့နယ်၌ (၈၆) လက်၊ စလင်းမြို့နယ်၌ (၅၁) လက်၊ စေတုတ္တရာမြို့နယ်၌ (၄)လက်၊ ငဖဲမြို့နယ်၌ (၉)လက်၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ (၁၄) လက်၊ မင်းတုန်းမြို့နယ်၌ (၁၅) လက်၊ မင်းလှမြို့နယ်၌ (၁၀) လက်၊ ကံမမြို့နယ်၌ (၂၂) လက်၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ (၄၆) လက်နှင့် ဆင်ပေါင်ဝဲမြို့နယ်၌ (၁၅) လက် စုစုပေါင်း အလက် (၅၀၀) ကို တိုင်ဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများအတွက် ယခုနှစ် နွေစပါးစိုက်ပျိုးချိန်ရာသီအမှီ ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မကွေးတိုင်းဒေသကြီးအတွင်းက ဒေသခံတောင်သူတွေ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့အခါမှာ စိုက်ပျိုးနည်းစနစ် မှန်ကန်စေပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရရှိစေဖို့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ) က ထုတ်လုပ်တဲ့  လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type II အမျိုးအစား အလက်ပေါင်း (၅၀၀) ကို ဝယ်ယူပြီး ပံ့ပိုးပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဒေသခံတောင်သူတွေ အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်တဲ့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွေကို ဖြန့်ဖြူးပေးထားပြီး ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေဖို့ စီမံချက်ရေးဆွဲပြီး ယခင်နှစ် နွေစပါးစိုက်ပျိုးရာသီမှ စတင်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်နဲ့ သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့တွေက မြေပြင်အရောက် ကွင်းဆင်းပြီးတော့ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံတာ၊ ပညာပေး ဆောင်ရွက်တာ၊ အထွက်ကောင်းစပါးမျိုးတွေကို အသုံးပြုစိုက်ပျိုးစေတာတွေနဲ့ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်စေဖို့ မျိုးစေ့ချကိရိယာတွေကို ယခုလို နှစ်စဉ် ပံ့ပိုးပေးတာတွေ ဆောင်ရွက်ခဲ့တာပါ။ အဲဒီလိုဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့် ယခင်နှစ်ကဆိုရင် နွေစပါးကို တစ်ဧက အမြင့်ဆုံးအထွက်နှုန်းက တင်း ၁၅၀ အထိ ထွက်ရှိခဲ့ပြီး ပျမ်းမျှ အထွက်းနှုန်းအားဖြင့် ၉၆ ဒသမ ၅၆ တင်းအထိ တိုးတက်ရရှိခဲ့ကာ ဒီနှစ်မှာဆိုရင် နွေစပါးကို တစ်ဧက ပျမ်းမျှအထွက်နှုန်း တင်း ၁၀၀ နှင့်အထက် ထွက်ရှိအောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးယဉ်ထွန်းက ပြောသည်။

စပါးစိုက်တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာတွင် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder ကို အသုံးပြုစိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးနည်းစနစ် မမှန်ကန်သည့် ပက်ကြဲစနစ် ပပျောက်ကာ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ စပါးစိုက်ပျိုးစရိတ်သွင်းအားစု (ကောက်စိုက်သမ လုပ်အားခ)နှင့် လုပ်သားရှားပါးမှုကို ကျော်လွှားနိုင်ခြင်း၊ သမန်းပေါ်တွင် မျိုးစေ့အကျ မှန်ကန်ပြီး စပါးအပင်ပေါက်ညီကာ အတန်းကြား အကွားအဝေးညီခြင်းနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်သည့်အတွက် စပါးတစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စွာ ရရှိစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ယခုနှစ် မိုးစပါးကို ဧကပေါင်း ၆၃၀၃၇၉ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် နွေစိုက်ပျိုးရာသီတွင် ဧကပေါင်း ၅၆၂၀၅ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)