ကော့သောင်းမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများဆောင်ရွက်

ကော့သောင်း နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲနှင့်ပြိုင်ပွဲများ ဆောင်ရွက်ခြင်းများကို ယမန်နေ့က ကော့သောင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်မည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့အကြို အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်အကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ အမျိုးဂုဏ်ဇာတိ ဂုဏ်ကိုထိန်းသိမ်းကာကွယ်လိုစိတ်ရှိစေရန် အကျယ်တဝင့် ရှင်းလင်း‌ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်စေခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ၊ Museum ပြခန်းများအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)