ကော့သောင်းမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကော့သောင်း နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခန့်တွင် ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင်ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ (ဆိုင်ကယ်ပြင်နှင့်စက်ချုပ်) သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်က ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရွှေပြည်စိုးကျေးရွာတွင် အမျိုးသမီးဝင်ငွေတိုးတက်ရေးအတွက် စက်ချုပ်သင်တန်း ၊ချမ်းဖန်းကျေးရွာနှင့်(၁၀)မိုင်ကျေးရွာတို့တွင် လူငယ်များ အလုပ်အကိုင်အခွင့်အလှမ်းဖန်တီးပေးနိုင်ရေးအတွက် ဆိုင်ကယ်ပြင်သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/သူများထဲမှ အရည်အချင်းရှိသော လုပ်ငန်းထူထောင်နိုင်သည့်သူများကို စိစစ်ရွေးချယ်၍ သက်ဆိုင်ရာလုပ်ငန်းအလိုက် တစ်ဦးလျှင် ကျပ်(၁၄) သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများအား ပေးအပ်ခြင်းဖြစ်ပြီး၊အဆိုပါပစ္စည်းများကို အနည်းဆုံး(၃)နှစ်တိတိ မပျက်မကွက် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီးဌာနမှ အသေးစားစက်မှုလက်မှု လုပ်ငန်းလိုင်စင်များကို ဥပဒေနှင့်အညီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိစွာအသုံးချပြီး မိသားစုဝင်ငွေတိုးပွားအောင်လုပ်ငန်းများ ထူထောင်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက စိစစ်ရွေးချယ်ထားသော (ဆိုင်ကယ်ပြင်နှင့် စက်ချုပ်)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများ ပေးအပ်ခဲ့ပြီး သင်တန်းသားများက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရွှေပြည်စိုးကျေးရွာမှ စက်ချုပ်သင်တန်းသူ (၅)ဦးအတွက်  အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်၊ ရိုက်သီးစက်၊ မီးပူ၊ မီးကြိုးခွေ၊ အင်္ကျီချိတ်စသည့် လုပ်ငန်းသုံးပစ္စည်း(၇)မျိုးအားလည်းကောင်း၊ ချမ်းဖန်းကျေးရွာနှင့် (၁၀)မိုင်ကျေးရွာတို့မှ ဆိုင်ကယ်ပြုပြင် နည်းသင်တန်းသား(၁၀)ဦးအတွက် Dr.Api(Honda)၊ ဖိအားမြှင့်ရေဖျန်းစက်၊ ဘက်ထရီ အားသွင်းစက်၊ ပရက်ရှာဂိတ်၊(L-key)၊Wheel Puller၊ရိုက်ပူလာစသည့် လုပ်ငန်းသုံးပစ္စည်း(၇)မျိုးအား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)