နတ်မောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ) က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြော ဆွေးနွေးပေးရခြင်းဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအား ဆွေးနွေးပြောကြားပြီး ဒေါ်ဝင်းမေထွန်း(စာထောက်-၃)က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များအား ဟောပြောဆွေးနွေးခဲ့သည်။ဆက်လက်၍ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူ၊ လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲများကို မြို့နယ် (Community Centre) ခန်းမတွင်သာမက အခြေခံပညာရေးကျောင်းသို့သွား၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
လှဝင်း